“ ဘုရား ကျွန်တော် ၊ တောင်ကျွန်းပေါ်က ၊ ဆင်တော်တစ်စီး ၊ အမြီးငွေလိပ် ၊ လိပ်သည့်သင်ဖြူး ၊ ဖြူးသည့်လေညင်း ၊ သည်းသည့်အမဲ ၊ မည်းသည့်မီးသွေး ၊ သွေးသည့် နံသာ ၊ သာသည့် လမင်း ” စသဖြင့် အတောမသတ်နိုင်အောင် အလိုရှိတိုင်း ဆက်ပေးနိုင်သည့် လင်္ကာတစ်ပုဒ်လို ၊ ရွှေအင်းတိန် ဘုရားကိုသွားရင်း ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို စာဖြည့်ရင်း ၊ ခရီးသွားတဲ့အခါ အစီအစဉ် ဆွဲတဲ့ အကြောင်းအရာလေး ခေါင်းထဲရောက်လာပါတယ် ခင်ဗျ ။
အလုပ်ထဲက အသိလုပ်ဖော်ကိုင်ဖက်တယောက်အကြောင်းပါ ။ သူက အရှေ့တောင် အာရှက နာမည်ကြီး တက္ကသိုလ် တစ်ခုကနေ ပထမတန်းစားကလတ်စ် (First class) နဲ့ ဘွဲ့ရလာသူတယောက်ဖြစ်ပါတယ် ။ အလုပ်မှာ အလုပ်နဲ့ ပတ်သက်တဲ့ ဖိုင်လေးကို သူ့ကွန်ပျူတာထဲရှာရင်း သူခရီးသွား တုန်းက ဆွဲထားတဲ့ ခရီးသွားအချိန်စာရင်း ၊ ပါဝါပွိုင့် စလိုက်လေးကို သူလုပ်ဖော်ကိုင်ဖက်တွေကတွေ့သွားကြတယ် ။
သူက ခရီးသွားတဲ့ ရက်တွေမှာ မနက် ၇ နာရီ အိပ်ယာထ ၊ ရေချိုး ၊ သန့်စင်ခန်းဝင် ၊ ၈ နာရီ မနက်စာစား ၊ ၉ နာရီ ဘာလုပ် ၊ ၁၀ နာရီ ဟိုအရောက်သွား ။ ၁၁ နာရီ ထမင်းစား ၊ ၁၂ နာရီ ဘာလုပ် ဆိုပြီး အသေးစိတ် အစီအစဉ်တွေအပြင် တနေ့ကို သုံးရမယ့် ငွေ ၊ ဘတ်ဂျတ် ၊ ပိုသုံးမိရင် ဘယ်လောက်ထိပဲသုံရမယ် ၊ စသဖြင့် အသေးစိတ်တွေ ပါတဲ့ အချိန်စာရင်း ။ တွေ့မိတဲ့သူတွေက သူ့ ခရီးစဉ် အချိန်ဇယားကို ကြိုက်သူလည်းရှိ ၊ မကြိုက်တဲ့သူလည်းရှိ ။ ချီးကျူးသူလည်းရှိ ၊ ပြုံးသူလည်းရှိ ။ ဒို့ကတော့ ခရီးသွားရင် ဘာမှ သိပ်မစဉ်းစားဘူး ။ ရောက်တဲ့အချိန်ဟာရောက်တဲ့အချိန် ၊ ထမင်းစာလို့ ထမင်းစားတဲ့ အချိန်ဟာ ထမင်းစားတဲ့အချိန်ပဲ ။ package တွေ schedule တွေ လာမလုပ်နဲ့ carefree ပဲ ။ တခြား ကိစ္စတွေကို ခရီးသွားချိန် မီးခလုတ်ပိတ်သလို ပိတ်ထားခဲ့တာ စသဖြင့် ..
“ ကြံစည်တိုင်းလည်း ဖြစ်မလာဘူး ၊ ဘဝကို သီချင်းလုပ်ဆိုချင်တယ်” ဆိုတဲ့ ဆရာတွေကတော့ ကားပျက်ရင် အဲသည့်အတွေ့အကြုံက သိပ်ကောင်း ၊ ဖန် တား စ တစ် ပဲ ။ အခန်းမရရင် ရတဲ့အခန်းမှာနေ မရဘူးတဲ့ အတွေ့အကြုံတွေရမယ် ဆိုတဲ့သူတွေက တစ်အုပ်စု ။
တဘက်ကလည်း တည်းမည့်နေရာရောက်ရင် ၊ မီးလောင်ရင် ထွက်ပြေးရမယ့် အရေးပေါ်ထွက်ပေါက်တံခါး အလွယ်တကူဖွင့်လို့ရရဲ့လား ၊ အဲဒီ့တခါးကို တယောက်ယောက်က အပြင်ကနေ သော့ခတ်ထားသလား ၊ တံခါးဘယ်နှပေါက်ရှိသလဲ ၊ အရေးပေါ်တံခါးပေါက် နဲ့ ကိုယ့်အခန်းဘယ်လောက်ဝေးသလဲ စတာတွေကို တည်းမယ့်နေရာရောက်ရောက်ခြင်း စစ်တဲ့သူက တစ်စု ။ ဒီကိစ္စအတွက် မေးခွန်းအတွက် အမှန်အမှားမရှိပါဘူး ၊ စိတ်ထဲထင်တာကိုသာ အမှတ်ခြစ်ခဲ့လိုက်ပါ ဆိုသလိုမျိုး။ ခရီးတူတူသွားဖူးမှ လူတယောက်အကြောင်းကို ပိုသိတယ်ဆိုတဲ့ စကားကို စမ်းစစ်ချင်သူတွေလည်းရှိမှာပဲ မဟုတ်လား
စာစီစာကုံးရေးသလို နိဂုံးချုပ်အနေနဲ့ ကဗျာဆရာကြီး ဦးအောင်ချိမ်ရဲ့ ကဗျာလေးကိုကိုးကားလိုက်ပါတယ် ။
“ ဒါထက်
ပျော်ပွဲစား ထွက်တယ်ဆိုတာဟာ
ပျော်လို့လား
စိတ်ညစ်လို့လား ”
အောင်ချိမ့်ရေးသည် ကဗျာမှ
No comments:
Post a Comment