Friday 10 June 2011

ဝတ္တုတိုဆရာ ကြူးနှစ်




အက်ဆေးဆရာ၊ ဝတ္တုတိုဆရာ ကြူးနှစ် ရဲ့ ဝတ္တုတိုများ စာအုပ်ကို တနေ့ကရပါတယ် ။ ဝတ္ထုတိုပေါင်း ၁၀၅ ပုဒ်ပါဝင်ပါတယ် ။ စာအုပ် တန်ဖိုး ၇၆၀၀ ကျပ် လို့ရေးထားပါတယ် ။ ၇၆၀၀ ကို ၁၀၅ နဲ့စားကြည့်ပါတယ် ။ ၇၂.၃၈---ရပါတယ် ။

စာအုပ်အဖုံးပန်းချီအဖြစ် ရေဆေး ပန်းချီကားလေးကို သုံးထားပါတယ် ။ ရန်ကုန်မြို့ပြင်ဘက်အထွက် ၊ လှည်းကူး ၊ မှော်ဘီမြို့ ဒေသများမှ ပတ်ဝန်းကျင်အငွေ့အသက်မျိုးကို ခံစားရပါတယ် ။ အမှာစာ အဆုံးမှာလည်း ကြူးနှစ်( က န) ခေတ္တ မှော်ဘီမြို့လို့ ရေးထိုးထားတာကိုလည်း တွေ့ရပါတယ် ။

photo: icn2





“ အိပ်မက်ထဲ၌ တွေ့ရှိသော မြို့တော် ”


စာရေးသက် နှစ်ပေါင်းလေးဆယ် နီးပါးရှိပြီဖြစ်တဲ့ ဆရာ ကြူးနှစ် ရဲ့ ဝတ္ထုတိုတွေ ၊ အက်ဆေးတွေကို ကျနော် ကြိုက်တယ် ။ အခု ဝတ္ထုတိုများ စာအုပ်မှာလည်း အမှာစာဖတ်ပြီးတော့ ပထမဦးဆုံးစဖတ်တဲ့ အပုဒ်က “ အိပ်မက်ထဲ၌ တွေ့ရှိသော မြို့တော် ” ဆိုတဲ့ ဝတ္ထုတိုဖြစ်ပါတယ် ။ 

ရွှေအမြုတေ မဂ္ဂဇင်းပါ သူ့ဝတ္ထုတို “ ပျို့ခန်းသာ ဝိုက်ကာမွေးတယ်”  ကို ၁၉၉၇ ခုနှစ်၊ မန္တလေး စာဖတ်သူများ၏ ဝတ္ထုတိုဆု အဖြစ်ရွေးခြယ်ထားကြောင်း ဆရာ ကြူးနှစ် သတင်းကြားရချိန်မှာ သူ နေထိုင်အသက်ရှင်နေတဲ့ ပတ်ဝန်းကျင်အကြောင်းကို အခုလိုရေးဖွဲ့ခဲ့ပါတယ် ။


“ အထက်ပါသတင်းကို ကြားသိချိန်၌ ကျွန်တော်သည် ရန်ကုန်မှ မိုင်တစ်ရာမျှကွာလှမ်းသော မြစ်ဝကျွန်းပေါ်တစ်နေရာရှိ ကျေးလက်တွင် ရွံတော၊ နုံးတောထဲ၌ ငါးတိုးဖားရှာ ဝမ်းစာရှာရင်း စာပေလောကကြီး တစ်ခုလုံးကို မေ့ဖျောက်ရန် အားထုတ်လျက်ရှိသည် ။ တောကျေးလက်ရှိ စာပေဝါသနာရှင် အပေါင်းအသင်းများကမူ ကျွန်တော့်အတွက် ဝမ်းမြောက်ဝမ်းသာ ပိတိဖြာနေကြသည် ။ စာပေပညာ နုံနဲ့ရှာကြသော ဆွေးမျိုးသားချင်းများကလည်း ကျွန်တော်ဆိုသော စာရေးဆရာ ငမွဲသည် နေ့ချင်းညချင်း ဆွစ်ဘဏ်သူဌေး တစ်ယောက်လောက် ကြွယ်ဝတော့မည့်အလား ဂုဏ်ယူပျော်မြူးနေကြသည်။ ”စာ-၂၆၉

အထက်ပါအရေးအသားကို ဖတ်ရတော့ အမျိုးအမည်မသိတဲ့ ခံစားမူမျိုးကို ကျနော်ခံစားရပါတယ် ။ မန္တလေးမှ ကဗျာဆရာ၊ စာရေးဆရာများရဲ့ ဘဝရပ်တည်မူ၊ လူနေမူပုံစံတွေကို ဆရာကြူးနှစ် က တဆက်တည်းခပ်ပါးပါး ရေးဖွဲ့ထားခဲ့ပါတယ် ။ 



drawing: icn2 ( pastel on paper)


 “ အိပ်မက်ထဲ၌ တွေ့ရှိသော မြို့တော် ” ကို ဖတ်ပြီးတဲ့ အခါ ပုံလေးရေးချင်စိတ်ဖြစ်လို့ ဆရာ ပေါ်ဦးသက် ရေးဆွဲခဲ့တဲ့ “ဘဝအဓိပ္ပါယ် နှင့် ဘဝသစ္စာ ( နန္ဒာသိန်းဇံ) ” စာအုပ်အဖုံးပန်းချီကားကို ဆွဲတတ်သလို ပြန်ကူးဆွဲဖြစ်ပါတယ်။  


No comments:

Post a Comment