Showing posts with label ဟိုဟိုဒီဒီ. Show all posts
Showing posts with label ဟိုဟိုဒီဒီ. Show all posts

Saturday, 7 January 2012

သည်းထိတ်ရင်ဖိုဝတ္ထု

စာအုပ်ရေ သန်း ၃၀ ကျော်လောက်ရောင်းခဲ့ရတဲ့ နာမည်ကျော် ( The Girl with the Dragon Tattoo) စာအုပ်ကို ရုပ်ရှင်အဖြစ် ဒါရိုက်တာ Niels Arden Oplev  ကရိုက်ကူးခဲ့ပါတယ် ။ မင်းသား  Michael Nyqvist မင်းသမီး Noomi Rapace တို့ကသရုပ်ဆောင်ပါတယ် ။  ရုပ်ရှင်အဖြစ်လည်း အုန်းအုန်းထ အောင်မြင်တယ်လို့ သိရပါတယ် ။ ပထမအကြိမ် ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကြော်ငြာ ။ ရုပ်ရှင်စာတန်းထိုး မှာ ရေထဲကို မင် အမည်းရောင်တွေကျလာတာကိုရိုက်ပြထားပါတယ် ။ အဲသလို ရိုက်ချက်ကို နိုင်ငံတကာက ကဗျာဆရာတယောက်ရဲ့ စာအုပ်အဖုံးမှာလည်း တွေ့ရပါတယ် ။






Sunday, 25 December 2011

အင်းလေး ဘုရားဖူး နောက်ဆက်တွဲ

“ ဘုရား ကျွန်တော် ၊ တောင်ကျွန်းပေါ်က ၊ ဆင်တော်တစ်စီး ၊ အမြီးငွေလိပ် ၊ လိပ်သည့်သင်ဖြူး ၊ ဖြူးသည့်လေညင်း ၊ သည်းသည့်အမဲ ၊ မည်းသည့်မီးသွေး ၊ သွေးသည့် နံသာ ၊ သာသည့် လမင်း ” စသဖြင့် အတောမသတ်နိုင်အောင် အလိုရှိတိုင်း ဆက်ပေးနိုင်သည့် လင်္ကာတစ်ပုဒ်လို ၊ ရွှေအင်းတိန် ဘုရားကိုသွားရင်း ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို စာဖြည့်ရင်း ၊ ခရီးသွားတဲ့အခါ အစီအစဉ် ဆွဲတဲ့ အကြောင်းအရာလေး ခေါင်းထဲရောက်လာပါတယ် ခင်ဗျ ။

 အလုပ်ထဲက အသိလုပ်ဖော်ကိုင်ဖက်တယောက်အကြောင်းပါ ။ သူက အရှေ့တောင် အာရှက နာမည်ကြီး တက္ကသိုလ် တစ်ခုကနေ ပထမတန်းစားကလတ်စ် (First class) နဲ့ ဘွဲ့ရလာသူတယောက်ဖြစ်ပါတယ် ။ အလုပ်မှာ အလုပ်နဲ့ ပတ်သက်တဲ့ ဖိုင်လေးကို သူ့ကွန်ပျူတာထဲရှာရင်း  သူခရီးသွား တုန်းက ဆွဲထားတဲ့ ခရီးသွားအချိန်စာရင်း ၊ ပါဝါပွိုင့် စလိုက်လေးကို သူလုပ်ဖော်ကိုင်ဖက်တွေကတွေ့သွားကြတယ် ။

သူက ခရီးသွားတဲ့ ရက်တွေမှာ မနက် ၇ နာရီ အိပ်ယာထ ၊ ရေချိုး ၊ သန့်စင်ခန်းဝင် ၊ ၈ နာရီ မနက်စာစား ၊ ၉ နာရီ ဘာလုပ် ၊ ၁၀ နာရီ ဟိုအရောက်သွား ။ ၁၁ နာရီ ထမင်းစား ၊ ၁၂ နာရီ ဘာလုပ် ဆိုပြီး အသေးစိတ် အစီအစဉ်တွေအပြင် တနေ့ကို သုံးရမယ့် ငွေ ၊ ဘတ်ဂျတ် ၊ ပိုသုံးမိရင် ဘယ်လောက်ထိပဲသုံရမယ် ၊ စသဖြင့် အသေးစိတ်တွေ ပါတဲ့ အချိန်စာရင်း ။ တွေ့မိတဲ့သူတွေက သူ့ ခရီးစဉ် အချိန်ဇယားကို ကြိုက်သူလည်းရှိ ၊ မကြိုက်တဲ့သူလည်းရှိ ။  ချီးကျူးသူလည်းရှိ ၊ ပြုံးသူလည်းရှိ ။ ဒို့ကတော့ ခရီးသွားရင် ဘာမှ သိပ်မစဉ်းစားဘူး ။ ရောက်တဲ့အချိန်ဟာရောက်တဲ့အချိန် ၊ ထမင်းစာလို့ ထမင်းစားတဲ့ အချိန်ဟာ ထမင်းစားတဲ့အချိန်ပဲ ။ package တွေ  schedule  တွေ လာမလုပ်နဲ့ carefree ပဲ ။ တခြား ကိစ္စတွေကို ခရီးသွားချိန် မီးခလုတ်ပိတ်သလို ပိတ်ထားခဲ့တာ စသဖြင့် ..

“ ကြံစည်တိုင်းလည်း ဖြစ်မလာဘူး ၊ ဘဝကို သီချင်းလုပ်ဆိုချင်တယ်” ဆိုတဲ့ ဆရာတွေကတော့ ကားပျက်ရင် အဲသည့်အတွေ့အကြုံက သိပ်ကောင်း ၊ ဖန် တား စ တစ် ပဲ ။ အခန်းမရရင် ရတဲ့အခန်းမှာနေ မရဘူးတဲ့ အတွေ့အကြုံတွေရမယ် ဆိုတဲ့သူတွေက တစ်အုပ်စု ။

တဘက်ကလည်း တည်းမည့်နေရာရောက်ရင် ၊ မီးလောင်ရင် ထွက်ပြေးရမယ့် အရေးပေါ်ထွက်ပေါက်တံခါး အလွယ်တကူဖွင့်လို့ရရဲ့လား ၊ အဲဒီ့တခါးကို တယောက်ယောက်က အပြင်ကနေ သော့ခတ်ထားသလား ၊ တံခါးဘယ်နှပေါက်ရှိသလဲ ၊  အရေးပေါ်တံခါးပေါက် နဲ့ ကိုယ့်အခန်းဘယ်လောက်ဝေးသလဲ စတာတွေကို တည်းမယ့်နေရာရောက်ရောက်ခြင်း စစ်တဲ့သူက တစ်စု ။ ဒီကိစ္စအတွက် မေးခွန်းအတွက် အမှန်အမှားမရှိပါဘူး ၊ စိတ်ထဲထင်တာကိုသာ အမှတ်ခြစ်ခဲ့လိုက်ပါ ဆိုသလိုမျိုး။ ခရီးတူတူသွားဖူးမှ လူတယောက်အကြောင်းကို ပိုသိတယ်ဆိုတဲ့ စကားကို စမ်းစစ်ချင်သူတွေလည်းရှိမှာပဲ မဟုတ်လား

စာစီစာကုံးရေးသလို နိဂုံးချုပ်အနေနဲ့ ကဗျာဆရာကြီး ဦးအောင်ချိမ်ရဲ့ ကဗျာလေးကိုကိုးကားလိုက်ပါတယ် ။

“ ဒါထက်
ပျော်ပွဲစား ထွက်တယ်ဆိုတာဟာ
ပျော်လို့လား
စိတ်ညစ်လို့လား ”

အောင်ချိမ့်ရေးသည် ကဗျာမှ

Monday, 12 December 2011

Random photos ( အင်းလေး )



အင်းလေးကန် အတွင်းက ဟိုတယ်တစ်ခုမှာ နိုင်ငံခြားသားဧည့်သည်များထားခဲ့သော စာအုပ်တချို့။

ရန်ကုန်မှာ သူငယ်ချင်းတယောက်နဲ့လက်ဖက်ရည်ဆိုင်ထိုင်ရင်းစကားပြောဖြစ်ပါတယ် ။ သူက စာအုပ်တွေဝယ်ယူစုဆောင်းတယ် ၊ အဟောင်းတွေရော ၊ အသစ်တွေပါ ဝယ်စုတယ် ။ ကျနော်လည်း တချို့စာအုပ်တွေသူဆီကနေ ဌားဖတ်ဖူးတယ် ။

စာအုပ်အဟောင်းဆိုင်တချို့ အရင်လို အလုပ်မဖြစ်တော့ဘူးလို့ သူကပြောတယ် ။ အင်တာနက်ကနေ အီးဘွတ်တွေ ( အင်္ဂလိပ် ဝတ္ထုတွေ ၊ တခြား ဘာသာရပ်ဆိုင်ရာစာအုပ်)  နဲ့ ကိုးကားစရာ စာများအလွယ်တကူရနိုင်တာကြောင့် အင်္ဂလိပ်ဝတ္ထုအဟောင်းရောင်းတဲ့ဆိုင်တချို့အလုပ်မဖြစ်ဘူး လို့သူကပြောတယ် ။

Saturday, 10 December 2011

ဟိုဟိုဒီဒီများ ( Mark Twain )

ဟုတ်ကဲ့ ။ ရန်ကုန်ကနေဝယ်လာခဲ့တဲ့ စာအုပ်အမျိုးအစားထဲမှာ ကဗျာစာအုပ် နဲ့ ဟာသစာပေ တွေလည်းပါပါတယ် ။ ကုန်ပစ္စည်းကြော်ငြာ စာကြောင်းတိုတိုနံနံလေး ထဲမှာ ကိုယ်ပြောချင်တဲ့၊ သိစေချင်တဲ့၊ ကုန်ပစ္စည်းအကြောင်းကို အများသိအောင်လုပ်ရတာမလွယ်သလို ၊ ရေးဖွဲ့ထားတဲ့ စာနည်းနည်းလေးနဲ့ လူအများကို စိတ်လက်ကြည်လင်ပျော်ရွှင်အောင်လုပ်ရတာလည်း မလွယ်လှဘူးလို့ကျနော်ထင်တယ် ။

စာရေးဆရာကြီး ဦးသော်တာဆွေ မှ အစ စာရေးဆရာကြီး ဦးမင်းလူ ၊ ဆရာ နီကိုရဲ အလယ် ၊ ဆရာကြီး ဂျက် အဆုံး ၊ သူတို့ရေးတဲ့စာတွေကို ဖတ်ချင်စိတ်ဖြစ်နေမိပါတယ် ။ တဆက်တည်း ဖတ်ချင်နေမိတာက ကမ္ဘာကျော် စာရေးဆရာကြီး Mark Twain ရဲ့စာတွေဖြစ်ပါတယ် ။ သူ ဘယ်လို စာတွေရေးခဲ့သလဲ ၊ စာဖတ်သူရဲ့ စိတ်ကိုကြည်လင်လာအောင် သူဘယ်လိုရေးခဲ့သလဲ ၊ ဘယ်လိုထောက်ပြဝေဖန်ရေးခဲ့သလဲ  ၊ ၂၀ ရာစုက comic writer တွေအကြောင်းပြောရင် သူ့ကို  Mark Twain ဘာလို့ကိုးကားနေဆဲလဲ ။ စသဖြင့် စိတ်ဝင်စားဖို့ကောင်းပါတယ် ။



photo reference: wiki


Saturday, 5 November 2011

ဟိုဟိုဒီဒီများ-၆ ( အီးဘွတ်များ ၊ ဘလော့များ ၊ အက်ဆေးများ )



ကျနော်တို့ မြန်မာစာရေးဆရာတွေ ၊ စာအုပ်သမားတွေဖတ်ကြတဲ့  The Best American Essays ဆိုတဲ့စီရီးတွဲလေးအကြောင်းကို သူငယ်ချင်းတယောက်က လက်ဖက်ရည်ဆိုင်ထိုင်ရင်းပြောပြတယ် ။


(Youtube, twitter, facebook) အသုံးများလာတဲ့ ကာလတွေမှာ စာအုပ်တွေ နဲ့ အီလက်ထရောနစ် အီးဘွတ်တွေ ဘယ်သူက ပိုပြီး နေရာယူလာကြမလဲ ။ ပုံနှိပ်ထုတ်ဝေတဲ့စာအုပ်တွေကို စာဖတ်ပရိတ်သတ်အားပေးမူ စတဲ့အကြောင်းအရာတွေကို ၂၀၁၀ အကောင်းဆုံး အမေရိကန် အက်ဆေး စာအုပ် အမှာစာမှာရေးသားထားပါတယ် ။

အဲသည့်စီးရီး အယ်ဒီတာတွေထဲကတယောက်ဖြစ်တဲ့ Robert Atwan ကလည်း ၊ နောင် အီးဘွတ်တွေမှာ ဂန္တဝင် ဝတ္တုတွေကို အီလက်ထရောနစ် နည်းပညာနဲ့ထုတ်ဝေကြတဲ့အခါ အဲသည့်ဝတ္တုဇာတ်လမ်းနောက်ခံခေတ်ကာလက တေးဂီတတွေ ၊ ရောင်စုံ ဇိမ်ခံပစ္စည်းကြော်ငြာတွေ ၊ မှတ်တမ်းမှတ်ရာ ဓါတ်ပုံတွေ ၊ စာအုပ်ရဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို အလွယ်တကူရှာဖွေနိုင်မယ့် လင့်တွေ ၊ စာအုပ်ကိုဖတ်နေရင်း အချင်းချင်း ဆက်သွယ် အမြင်ဖလှယ် ဆွေးနွေးနိုင်မယ့် ချက်တင်လိုမျိုးတွေ ၊ မှတ်တမ်းရုပ်ရှင်တိုလေးတွေနဲ့ ဂန္တဝင်ဝတ္တုတွေကိုထုတ်ဝေလာခဲ့ရင် စာအုပ်ဖတ်သူဟာ စာအုပ်ကိုဖတ်နေရင်း ရုပ်ရှင်တကားကြည့်နေရသလို ၊ ဝတ္ထုစာအုပ်တစ်အုပ်ကို ဖတ်နေရသလို ၊ မှတ်တမ်းရုပ်ရှင်တကားကို ကြည့်နေရသလို ၊ ချက်တင် လုပ်နေရသလို အခြေအနေမျိုးကိုတပြိုင်တည်းရရှိနိုင်မယ်လို့ ရေးသားထားပါတယ် ။ အဲသည့်အရေးအသားကို ၂၀၁၀ အကောင်းဆုံး အမေရိကန် အက်ဆေးမိတ်ဆက်စာမှာဖတ်ရူ နိုင်တယ်လို့ သိရပါတယ် ။

Sunday, 11 September 2011

ဟိုဟိုဒီဒီများ - ၅ ( Contagion ၊ ကဗျာဘဝရှာတော်ပုံ )

Contagion ရှပ်ရှင်ကားကို ကြည့်ဖြစ်ပါတယ် ။ ဇာတ်ဝင်ခန်းထဲမှာ blogging is not writing  ဆိုပြီး ကြားမိလိုက်သလိုပါပဲ ၊ ကျနော်တလွဲကြားမိ တာလဲဖြစ်နိုင်ပါတယ် ။ :)

အသက်အန္တရယ်ဖြစ်စေလောက်တဲ့ ရောဂါပိုးမွားကို တိုက်ခိုက်နိုင်မယ့်ဆေးကို ရှာဖွေတဲ့ဆေးပညာရှင်တွေရဲ့ အလုပ်ပေါ်စိတ်ဝင်စားမူ ၊ ဝါသနာ ၊ အန္တရယ် စတာတွေကို စဉ်းစားမိပါတယ် ။ ရိုက်ချက်တွေကို ကျနော်တော့ကြိုက်တယ် ။ အသည်းယားစရာ တခန်း ပါတယ် ။ သေနေတဲ့ သူ မျက်နှာကို အနီးကပ်ရိုက်ပြပြီး ဦးခေါင်းခွံကို ဖွင့်ချလိုက်ပြီး ဖွင့်ထားတဲ့ အပိုင်းကို မျက်နှာပေါ်ပြန်ခေါက်တင်လိုက်တာကို ရိုက်ပြပါတယ် ။ ဘေးနောက်ဝဲယာက ပရိသတ်ဆီက အသံတွေထွက်လာပါတယ် ။ 
ရုပ်ရှင်က တကားလုံး ပျင်းမနေရဘဲ ကြည့်လို့ကောင်းပါတယ် ။




Sunday, 4 September 2011

ဟိုဟိုဒီဒီများ- ၄ ( ကဗျာဆရာကြီး မောင်ချောနွယ် ၊ အသည်းနှလုံး )




ပထမဆုံးမဟုတ်ပေမယ့် ကျနော်အစောဆုံးဝယ်ဖြစ်တဲ့ ကဗျာစာအုပ် သုံးလေးအုပ်ထဲမှာ မြန်မာကဗျာဆရာ မောင်ချောနွယ် ရဲ့ ရထား ကဗျာစာအုပ်ပါတယ် ။ ကဗျာဆရာ ပိုင်စိုးဝေ ၊ ကဗျာဆရာ မောင်ချောနွယ် တို့ရဲ့ကဗျာတွေကို ဖတ်ပြီးမြန်မာခေတ်ပေါ်ကဗျာများနဲ့ ရင်းနှီးလာပါတယ် ။ ကဗျာဆရာ မောင်ချောနွယ်ကို အပြင်မှာ မတွေ့ဖူးပါဘူး ။ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာလား ၊ ကဗျာအကြောင်းဦးစားပေးဖော်ပြတဲ့ တခြားမဂ္ဂဇင်းတခုမှာလားမသိဘူး ၊ သူ့ အင်တာဗျူးကို ဖတ်ရင်း သူ့ဓါတ်ပုံကိုတွေ့ဖူးပါတယ် ။ 

သူဆုံးပါးသွားတာ နည်းနည်းကြာသွားပေမယ့် အခုချိန်မှာ  ကျနော်တို့ကဗျာဖတ်သူအခြင်းခြင်းတွေ့တဲ့အခါ ၊ လက်ဖက်ရည်သောက်ရင်း ၊ အရက်  ဘီယာသောက်ရင်း သူ့ကဗျာ အပိုင်းအစလေးတွေကို တော်တော်များများ ကိုးကားပြောဆိုတတ်ကြပါတယ် ။  ကိုချောက ဘာပြောခဲ့သလဆိုပြီး သူ့ကဗျာ အပိုင်းအစလေးတွေကို ရွတ်ရွတ်ပြပြတတ်တဲ့သူငယ်ချင်းတယောက် ကို အခုစာလေးရေးနေရင်း သတိရမိပါတယ် ။ သူငယ်ချင်းကြည့်ရတာ မောင်ချောနွယ် ကဗျာတွေကို လွယ်လင့်တကူ မှတ်မိနေတယ် ။ ခက်ခက်ခဲခဲနဲ့ မှတ်ထားတာလည်းမဟုတ်ပါဘူး ။ 

Saturday, 27 August 2011

ဟိုဟိုဒီဒီများ- ၃ ( Dictionary, glossary, hyperreality,Yann Martel)

Yann Martel (drawing: icn2)
အခုရက်ပိုင်း စင်ကာပူမှာမိုးလေးဖွဲဖွဲလေးရွာတယ် ။ မုန်တိုင်းရှိလို့ထင်တယ် ။ အလုပ်တွေက ပိတ်ရက်ရှည်တွေပေးတယ် ။ တချို့ အလုပ်ပိတ်ရက် ၄ ရက် ရတယ် ။ တချို့ကလည်း အလုပ်ပိတ်ရက်နောက် ခွင့်ဆက်ယူပြီး ဟိုသွားဒီသွားလုပ်ကြတယ် ။

ကျန်ခဲ့တဲ့ နှစ်တွေထဲမှာ သြချတ်လမ်းမကြီးပေါ်မှာ ဈေးချရောင်းတဲ့ စာအုပ်ပွဲသေးသေးလေးတွေ ရှိတယ် ။ သူတို့စာအုပ်ကြော်ငြာထားတာက ဒီလို။ “ သူဌေး ရူးနေပြီ မြန်မြန်ဝယ်ကြပါ ” ဆိုပဲ ။ ဟုတ်လည်းဟုတ်လောက်တယ် ။ ကျနော် (American Heritage dictionary) စာအုပ်ကို စင်ကာပူ ၁၂ ဒေါ်လာနဲ့ဝယ်ဖူးတယ် ။ တော်တော်ကိုသက်သာတယ် ။  သူဌေးရူးတယ်ဆိုတာဖြစ်လောက်တယ် ။ 


Saturday, 20 August 2011

ဟိုဟိုဒီဒီများ -၂




 Donald Barthelme


ခွင့်ရတုန်း မြန်မာပြည် အလည်ပြန်တုန်းက အိမ်က မဂ္ဂဇင်း အဟောင်းလေးတွေကို ညဖတ် ပြန်ဖတ်ဖြစ်တယ် ။ ဟိုအရင် အလုပ်မရှိတုန်းက ညဘက်အေးအေးဆေးဆေး ( မနက်ထရမယ့် အချိန်ကို နိုးစက် မပေးဘဲ ) မဂ္ဂဇင်းတွေ ဖတ်ရတာကို လွမ်းမိတယ် ။ ညဘက်အေးအေးဆေးဆေး စာဖတ်ရတဲ့ အရသာကို လွမ်းမိ ။

photo:icn2