Sunday 4 September 2011

ဟိုဟိုဒီဒီများ- ၄ ( ကဗျာဆရာကြီး မောင်ချောနွယ် ၊ အသည်းနှလုံး )




ပထမဆုံးမဟုတ်ပေမယ့် ကျနော်အစောဆုံးဝယ်ဖြစ်တဲ့ ကဗျာစာအုပ် သုံးလေးအုပ်ထဲမှာ မြန်မာကဗျာဆရာ မောင်ချောနွယ် ရဲ့ ရထား ကဗျာစာအုပ်ပါတယ် ။ ကဗျာဆရာ ပိုင်စိုးဝေ ၊ ကဗျာဆရာ မောင်ချောနွယ် တို့ရဲ့ကဗျာတွေကို ဖတ်ပြီးမြန်မာခေတ်ပေါ်ကဗျာများနဲ့ ရင်းနှီးလာပါတယ် ။ ကဗျာဆရာ မောင်ချောနွယ်ကို အပြင်မှာ မတွေ့ဖူးပါဘူး ။ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာလား ၊ ကဗျာအကြောင်းဦးစားပေးဖော်ပြတဲ့ တခြားမဂ္ဂဇင်းတခုမှာလားမသိဘူး ၊ သူ့ အင်တာဗျူးကို ဖတ်ရင်း သူ့ဓါတ်ပုံကိုတွေ့ဖူးပါတယ် ။ 

သူဆုံးပါးသွားတာ နည်းနည်းကြာသွားပေမယ့် အခုချိန်မှာ  ကျနော်တို့ကဗျာဖတ်သူအခြင်းခြင်းတွေ့တဲ့အခါ ၊ လက်ဖက်ရည်သောက်ရင်း ၊ အရက်  ဘီယာသောက်ရင်း သူ့ကဗျာ အပိုင်းအစလေးတွေကို တော်တော်များများ ကိုးကားပြောဆိုတတ်ကြပါတယ် ။  ကိုချောက ဘာပြောခဲ့သလဆိုပြီး သူ့ကဗျာ အပိုင်းအစလေးတွေကို ရွတ်ရွတ်ပြပြတတ်တဲ့သူငယ်ချင်းတယောက် ကို အခုစာလေးရေးနေရင်း သတိရမိပါတယ် ။ သူငယ်ချင်းကြည့်ရတာ မောင်ချောနွယ် ကဗျာတွေကို လွယ်လင့်တကူ မှတ်မိနေတယ် ။ ခက်ခက်ခဲခဲနဲ့ မှတ်ထားတာလည်းမဟုတ်ပါဘူး ။ 


ယခု မြန်မာကဗျာဆရာများ ရေးဖွဲ့နေသော မဂ္ဂဇင်း ၊ ဘလော့ ကဗျာ တော်တော်များများ ဟာ ပိုပြီးနားလည်ရ ခက်ခဲလာတယ် လို့ ကဗျာဖတ်သူတယောက်အနေနဲ့ ကျနော်ထင်ပါတယ် ။ ကျနော် ကဗျာ စဖတ်ချိန်တွင် မြန်မာမဂ္ဂဇင်းများတွင်ပုံနှိပ်ဖော်ပြ၊ ပြောဆိုဆွေးနွေးနေသော ဆောင်းပါးများမှာ ရစ်သမ် ၊ နရီ ၊ ကာရန်မဲ့ ၊ စကားပြောရစ်သမ် စတာတွေ နဲ့ ပတ်သက်သော ဆွေးနွေးမူများကို တွေ့ရပါတယ် ။ ယခု ဘလော့ ၊ မြန်မာမဂ္ဂဇင်းများတွင် ဆွေးနွေးနေသော ကဗျာဆိုင်ရာဆောင်းပါးများတွင် ပိုစ့်မော်ဒန် ၊ ဘာသာစကား ကဗျာများ (L=A=N=G=U=A=G=E POEM) ၊ ----အစရှိသော ပညာရပ်ဆိုင်ရာ ဆွေးနွေးမူများကို ဖတ်ရပါတယ် ။

ဆရာ မောင်ချောနွယ် ရေးသားခဲ့တဲ့ အသည်း နုလုံးနဲ့ အနုပညာ ( ကဗျာ ) နဲ့ ပတ်သက်တဲ့ စာလေးကအောက်ပါအတိုင်းဖြစ်ပါတယ် ။ 
“ဆယ့်ခြောက်အောင်စ အလေးချိန်ရှိတဲ့ လူသားရဲ့အသည်းနှလုံးဟာ တနေ့ကို အကြိမ်ပေါင်း တသိန်းတိတိ ခုန်ချက်ရှိတယ်လို့ ဆေးဘက်ဆိုင်ရာကျမ်းတွေက ဆိုတယ်။ လူတယောက်ရဲ့ တနေ့တာ နှလုံးခုန်ချက်ဟာ အကြိမ်တသိန်းခုန်ချက်ရှိတယ်ဆိုတဲ့ အထက်ပါဆိုလိုချက်ကို ကျနော်လက်ခံပါတယ်။ ဒါပေမယ့် ကျနော့်အလို အရတော့ အကြိမ်တသိန်းတိတိခုန်ချက်ဟာ ထိချက်တချက် မဖြစ်နိုင်ဘူး။ အခိုက်ဓာတ်တခု မဖြစ်နိုင်ဘူး။ ခိုက်ထိချက်တချက် မရနိုင်ဘူး။ ပြီးတော့ ထိချက်တချက်ဟာလဲ မှော်သားဓာတ် မစေးကပ်၊ မပါဝင်နိုင်ပြန်ဘူး။ အဖိတ်အစဉ်ရှိသလို မှော်သားအထူအပါးလဲ ကွဲသွားနိုင်ပါသေးတယ်။ ထားပါတော့၊ ထိချက် တချက်လဲဖြစ်ပြီ၊ အခိုက်ဓာတ်လဲ ဖြစ်ခဲ့ပြီ၊ မှော်သားလဲ ပါဝင်ခဲ့ပြီဆိုရင်တော့ အဲဒါဟာ အနုပညာပဲ။ ကဗျာပဲ။ အစစ်ရတနာပဲပေါ့”

စာရေးဆရာ ၊ ကဗျာတွေဟာ အကြောင်းအရာတူတခုကို ကိုယ်ခံစားရူမြင်သလိုရေးဖွဲ့ဆိုကြတာ မဆန်းဘူးလို့ကျနော်ထင်ပါတယ် ။ ကျနော် သူငယ်ချင်းတယောက်က ( Neil Gaiman) ရဲ့ကာတွန်းစာအုပ်တွေ ၊ ဝတ္ထုတိုရှည်တွေကို ဖတ်ရင်း ကျနော်ကိုလက်တို့လာပါတယ် ။ သူကလည်း မောင်ချောနွယ် ပရိသတ် တယောက်ပါ ။ သူပြောတဲ့စာရေးဆရာ ကလည်း အသည်းနုလုံးနဲ့ပတ်သက်တာကို သူ့စာအုပ် ( Fragile Things, short fictions and wonders) အမှာစာမှာထည့်ရေးပါတယ် ။

Hearts may break, but hearts are the toughest of muscles able to pump for a lifetime, seventy times a minute, and scarcely falter along the way. Even dreams, the most delicate and intangible of things, can prove remarkably difficult to kill.

Neil Gaiman, on the first day of spring, 2006. page 24

ကဗျာဆရာကြီး မောင်ချောနွယ် နဲ့ စာရေးဆရာကြီး  Neil Gaiman ကို တန်းညှိတာမဟုတ်ပါဘူး ။ သူတို့နှစ်ယောက် အသည်းနှလုံး နဲ့ပတ်သက်ပြီးဖွဲ့နွဲ့ရေးသားပုံကိုပြောချင်တာပါ။ စကားမစပ် အဲသည့်ဘိုးတော် Neil Gaiman ရဲ့ ကိုယ်ပိုင်စာကြည့်တိုက် ၊ ကလည်းတော်တော်မိုက်တယ် ။ စာအုပ်တွေအများကြီးပဲ ။

No comments:

Post a Comment