Friday, 30 December 2011

နှစ်ဟောင်း နှစ်သစ်


အချိန်တွေက ကုန်တာမြန်တယ်လို့ထင်မိတယ် ။ ကမ္ဘာတဝန်းက နိုင်ငံတွေမှာနှစ်သစ်ကူးတဲ့ အချိန်ရိုက်ထားတဲ့ဓါတ်ပုံတွေထဲက ၊ လှတဲ့ ၊ ဓါတ်ပုံပညာအရ ကောင်းတဲ့ ဓါတ်ပုံတချို့ကို သတင်းဌာနတစ်ခုရဲ့ ဝက်ဆိုဒ် မှာကြည့်ခဲ့ဖူးတာကို အမှတ်ရနေမိတယ် ။ မနေ့တနေ့ကလိုပါပဲ ။

ရပ်ဝေးရပ်နီးမှာရှိကြတဲ့ မိဘ ဆရာသမားများ ၊ သူငယ်ချင်းရောင်းရင်း ၊ ဘလော့ရေးဖော်များ အားလုံး လာမယ့်နှစ်သစ်မှာ ပျော်ရွင်ကြပါစေ ၊ လိုအင်ဆန္ဒများပြည့်ဝကြပါစေလို့ ဆုတောင်းလိုက်ပါတယ် ။

Tuesday, 27 December 2011

ငါးဖယ်ချောင်းကျောင်း ( ကြောင်ခုန်ကျောင်း)



ငါးဖယ်ချောင်းကျောင်း ( ကြောင်ခုန်ကျောင်း) ကို ကျနော်တို့ရောက်ချိန်မှာ မနက် ၁၀ နာရီလောက်ပဲရှိပါဦးမယ် ။ ဧည့်သည်တွေလာရင် ဆရာတော်ဘုရားက ဂလိုင် ခေါက်ပြီးကြောင်တွေကိုခေါ်ပါတယ် ။  ဧည့်သည်တွေအလာများပြီး ဧည့်သည်လာတိုင်း ခုန်ရပါများလို့ ကြောင်တွေကလည်း သိပ်မခုန်ချင်တော့ပါဘူး ။ ကြောင်ခုန်နေတဲ့ပုံကိုရိုက်ထားတဲ့ ဓါတ်ပုံတွေထဲက ပုံသုံးပုံကိုတင်လိုက်ပါတယ် ။ သူတို့ကို ဓါတ်ပုံရိုက်တဲ့သူကလည်း မနည်းဘူးခင်ဗျ ။


ရွှေအင်းတိန် ဘုရား- ၈


ဒီပုံက ရွှေအင်းတိန် ဘုရားဖူး နဲ့ ပတ်သက်ပြီး နောက်ဆုံးတင်တဲ့ပုံဖြစ်ပါတယ် ။  စေတီပုထိုးတွေကြားထဲမှာ  လူလည်းသိပ်မရှိတဲ့နေရာမှာ အသံမပေးဘာမပေးဘဲ ဘွားကနဲပေါ်လာတာပါ ။ ကျနော် ဟိုရိုက်ဒီရိုက်လုပ်ပြီး နောက်ဘက်လှည့်လိုက်တော့သူ့ကိုတွေ့ပါတယ် ။ ဟုတ်ပါတယ် ၊ သူကဧည့်သည်တွေလာရင် ဓါတ်ပုံရိုက်ဖို့အတွက် မော်ဒယ်လုပ်ပေးတဲ့ တိုင်းရင်းသူတယောက်ပါ ။ ဓါတ်ပုံရိုက်ပြီးသွားရင် စေတနာအလျှောက် တခုခုပေးသွားကြပါတယ် ။

Monday, 26 December 2011

ink dripping




ink on paper- icn2

ရွှေအင်းတိန် - ၇



ရွှေအင်းတိန်ဘုရား ဇောင်းတန်းဘေးမှာ ရှိတဲ့ စေတီပုထိုးတွေကို ရိုက်ထားတာပါ ။ တချို့ စေတီပုထိုးတွေက အခုမှတည်ထားပြီး ၊ ရှေးစေတီပုထိုး တွေကိုပြုပြင်ထိန်းသိမ်းထားတာကိုတွေ့ရပါတယ် ။ အင်တာနက်ပေါ်မှာတွေ့ရတဲ့ ရေတွေထဲမှာရှိတဲ့ စေတီပုထိုးတွေကို မရောက်ခဲ့ဘူး ။ ရိုက်ထားခဲ့တဲ့ပုံတွေထဲက တချို့ကိုမူရင်းအတိုင်းတင်လိုက်ပါတယ် ။


အင်းလေးကန်



အင်းလေးကန်အတွင်းမှာ ရိုက်ခဲ့တဲ့ Random photos တွေကို အင်းလေးကန် ခေါင်းစဉ် အောက်မှာတင်ထားခြင်းဖြစ်ပါတယ် ။ ပုံတွေ အားလုံးဟာ ဝါသနာအရ ထင်ရာမြင်ရာ ရိုက်ထားခဲ့တာဖြစ်ပါတယ် ။ အခုပိုစ်မှာ ပုံနှစ်ပုံတင်ထားပါတယ် ။


Sunday, 25 December 2011

အင်းလေး ဘုရားဖူး နောက်ဆက်တွဲ

“ ဘုရား ကျွန်တော် ၊ တောင်ကျွန်းပေါ်က ၊ ဆင်တော်တစ်စီး ၊ အမြီးငွေလိပ် ၊ လိပ်သည့်သင်ဖြူး ၊ ဖြူးသည့်လေညင်း ၊ သည်းသည့်အမဲ ၊ မည်းသည့်မီးသွေး ၊ သွေးသည့် နံသာ ၊ သာသည့် လမင်း ” စသဖြင့် အတောမသတ်နိုင်အောင် အလိုရှိတိုင်း ဆက်ပေးနိုင်သည့် လင်္ကာတစ်ပုဒ်လို ၊ ရွှေအင်းတိန် ဘုရားကိုသွားရင်း ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို စာဖြည့်ရင်း ၊ ခရီးသွားတဲ့အခါ အစီအစဉ် ဆွဲတဲ့ အကြောင်းအရာလေး ခေါင်းထဲရောက်လာပါတယ် ခင်ဗျ ။

 အလုပ်ထဲက အသိလုပ်ဖော်ကိုင်ဖက်တယောက်အကြောင်းပါ ။ သူက အရှေ့တောင် အာရှက နာမည်ကြီး တက္ကသိုလ် တစ်ခုကနေ ပထမတန်းစားကလတ်စ် (First class) နဲ့ ဘွဲ့ရလာသူတယောက်ဖြစ်ပါတယ် ။ အလုပ်မှာ အလုပ်နဲ့ ပတ်သက်တဲ့ ဖိုင်လေးကို သူ့ကွန်ပျူတာထဲရှာရင်း  သူခရီးသွား တုန်းက ဆွဲထားတဲ့ ခရီးသွားအချိန်စာရင်း ၊ ပါဝါပွိုင့် စလိုက်လေးကို သူလုပ်ဖော်ကိုင်ဖက်တွေကတွေ့သွားကြတယ် ။

သူက ခရီးသွားတဲ့ ရက်တွေမှာ မနက် ၇ နာရီ အိပ်ယာထ ၊ ရေချိုး ၊ သန့်စင်ခန်းဝင် ၊ ၈ နာရီ မနက်စာစား ၊ ၉ နာရီ ဘာလုပ် ၊ ၁၀ နာရီ ဟိုအရောက်သွား ။ ၁၁ နာရီ ထမင်းစား ၊ ၁၂ နာရီ ဘာလုပ် ဆိုပြီး အသေးစိတ် အစီအစဉ်တွေအပြင် တနေ့ကို သုံးရမယ့် ငွေ ၊ ဘတ်ဂျတ် ၊ ပိုသုံးမိရင် ဘယ်လောက်ထိပဲသုံရမယ် ၊ စသဖြင့် အသေးစိတ်တွေ ပါတဲ့ အချိန်စာရင်း ။ တွေ့မိတဲ့သူတွေက သူ့ ခရီးစဉ် အချိန်ဇယားကို ကြိုက်သူလည်းရှိ ၊ မကြိုက်တဲ့သူလည်းရှိ ။  ချီးကျူးသူလည်းရှိ ၊ ပြုံးသူလည်းရှိ ။ ဒို့ကတော့ ခရီးသွားရင် ဘာမှ သိပ်မစဉ်းစားဘူး ။ ရောက်တဲ့အချိန်ဟာရောက်တဲ့အချိန် ၊ ထမင်းစာလို့ ထမင်းစားတဲ့ အချိန်ဟာ ထမင်းစားတဲ့အချိန်ပဲ ။ package တွေ  schedule  တွေ လာမလုပ်နဲ့ carefree ပဲ ။ တခြား ကိစ္စတွေကို ခရီးသွားချိန် မီးခလုတ်ပိတ်သလို ပိတ်ထားခဲ့တာ စသဖြင့် ..

“ ကြံစည်တိုင်းလည်း ဖြစ်မလာဘူး ၊ ဘဝကို သီချင်းလုပ်ဆိုချင်တယ်” ဆိုတဲ့ ဆရာတွေကတော့ ကားပျက်ရင် အဲသည့်အတွေ့အကြုံက သိပ်ကောင်း ၊ ဖန် တား စ တစ် ပဲ ။ အခန်းမရရင် ရတဲ့အခန်းမှာနေ မရဘူးတဲ့ အတွေ့အကြုံတွေရမယ် ဆိုတဲ့သူတွေက တစ်အုပ်စု ။

တဘက်ကလည်း တည်းမည့်နေရာရောက်ရင် ၊ မီးလောင်ရင် ထွက်ပြေးရမယ့် အရေးပေါ်ထွက်ပေါက်တံခါး အလွယ်တကူဖွင့်လို့ရရဲ့လား ၊ အဲဒီ့တခါးကို တယောက်ယောက်က အပြင်ကနေ သော့ခတ်ထားသလား ၊ တံခါးဘယ်နှပေါက်ရှိသလဲ ၊  အရေးပေါ်တံခါးပေါက် နဲ့ ကိုယ့်အခန်းဘယ်လောက်ဝေးသလဲ စတာတွေကို တည်းမယ့်နေရာရောက်ရောက်ခြင်း စစ်တဲ့သူက တစ်စု ။ ဒီကိစ္စအတွက် မေးခွန်းအတွက် အမှန်အမှားမရှိပါဘူး ၊ စိတ်ထဲထင်တာကိုသာ အမှတ်ခြစ်ခဲ့လိုက်ပါ ဆိုသလိုမျိုး။ ခရီးတူတူသွားဖူးမှ လူတယောက်အကြောင်းကို ပိုသိတယ်ဆိုတဲ့ စကားကို စမ်းစစ်ချင်သူတွေလည်းရှိမှာပဲ မဟုတ်လား

စာစီစာကုံးရေးသလို နိဂုံးချုပ်အနေနဲ့ ကဗျာဆရာကြီး ဦးအောင်ချိမ်ရဲ့ ကဗျာလေးကိုကိုးကားလိုက်ပါတယ် ။

“ ဒါထက်
ပျော်ပွဲစား ထွက်တယ်ဆိုတာဟာ
ပျော်လို့လား
စိတ်ညစ်လို့လား ”

အောင်ချိမ့်ရေးသည် ကဗျာမှ