Sunday 21 October 2012

မန္တလေးအလွမ်း

မန္တလေး -၁ ( ၂၀-အောက်တိုဘာ-၂၀၁၂)

မူရင်းဓါတ်ပုံသို့---

မန္တလေးမြို့ဟာ ကျနော်အတွက်တော့ နေလို့ကောင်းတဲ့မြို့တမြို့ပါပဲ ။ မန္တလေးကို လေး ၊ ငါး ကြိမ်ရောက်ဖူးပါတယ် ။ မန္တလောင်းတောင် ၊ အလုပ်သမားဆေးရုံဝင်း ဘက်မှာရှိတဲ့ ကျုံးဘေးနားကလမ်းကနေ မန္တလေးတောင်ဘက်ကို ဒီဇင်ဘာညတညမှာ လမ်းလျောက်ဖူးပါတယ် ။ ဆိုင်ကယ်နဲ့လည်း ညဘက် မန္တလေးတောင်ဘက်ကိုသွားဖူးတယ် ။ သိသာတာတခုက မန္တလေးတောင်နားနီးလေလေ အေးလာလေလေပါပဲ ။ မန်းတောင်ရိပ်ခို ၊ မန်းတောင်ရိပ်ခို ဆိုတဲ့သီချင်းစာသားကို သတိတရဖြစ်စေပါတယ် ။ အဲသည့်လမ်းမပေါ်မှာ ကော်ဖီဆိုင်တဆိုင်ရှိတယ် ။ အဲသည့်ကော်ဖီဆိုင်မှာ ပန်းချီဆရာ ဦးခင်မောင်ရင် ရဲ့ ပန်းချီကားတကားချိတ်ထားတယ် ။ ဒီနေရာမှာတခုပြောစရာရှိတာကတော့ မန္တလေးကို မရင်းနှီးတဲ့သူတယောက်မို့လို့ လမ်းနာမည်တွေ ၊ ဆိုင်နာမည်တွေကို အတိအကျမပြောနိုင်တာပါ ။ ကော်ဖီဆိုင်မှာ ညဘက် ကော်ဖီလာသောက်တဲ့သူတွေ သိပ်မများပေမယ့် မနည်းပါဘူး ။ ဆိုင်အပြင်ဘက်က အုတ်နံရံက အနီရောင်လို့မှတ်မိနေတယ် ။ အခုရှိသေးလားမသိဘူး ။ ကျနော်ထိုင်ခဲ့ဖူးတာ ၂၀၀၂ ခုနှစ်လောက်ကဖြစ်မယ်ထင်ပါတယ် ။




မန္တလေးမြို့ကွက်တည်ထားတာလေးထောင့်ကျကျ အကွက်တွေနဲ့ နိုင်ငံခြားသားပညာရှင်( နာမည်မမှတ်မိ) တယောက်တည်တာ စသဖြင့် သမိုင်းဆိုင်ရာအချက်အလက်တချို့ကိုကြားဖူးတယ် ။ ၂၀၁၁ နိုဝင်ဘာလောက်မှာ မန္တလေးကို တခေါက်ထပ်ရောက်တယ် ။ ငွေကြေးတတ်နိုင်သူတွေဆောက်ထားတဲ့ အိမ်တွေက သုံးလေးထပ် ၊ ဒါပေမယ့် အပေါ်ဆုံးထပ်ကနေ ကောင်းကင်ကို လွတ်လွတ်လပ်လပ်မြင်နိုင်တယ် ။ ဒါနည်းတဲ့အခွင့်အရေးမဟုတ်ဘူးလို့ ကျနော်ထင်တယ် ။ ညဘက် ဂစ်တာတီးရင်း ၊ တခုခုသောက်ရင်း ၊ သူငယ်ချင်းတွေနဲ့စကားပြောရင်း --- ။ လမ်းတွေက ရန်ကုန်ကို ကားမကျပ်ဘူး ၊ လေထုထဲ ကာဗွန်မများဘူးလို့ ထင်တယ် (“ လေထုတဲ ကာဗွန်” ဆိုတာ ကဗျာဆရာ စည်သူငြိမ်းရဲ့ ကဗျာစာသားပါ )




မန္တလေး -၂ ( ၂၁-အောက်တိုဘာ-၂၀၁၂)
မူရင်းဓါတ်ပုံသို့ --

လက်ဖက်ရည်ဆိုင် ။

လက်ဖက်ရည်ဆိုင်တွေကလည်း ရန်ကုန်နဲ့ယှဉ်လိုက်ရင် နေရာလွတ်တွေအများကြီး ၊ နေရာကျယ်ကျယ်ဝန်းဝန်းရှိတယ် ။ ထိုင်ရတာ ပိုပြီးသက်တောင့်သက်သာရှိတယ် ။ ခြောက်သွေ့တဲ့ရာသီဆို အေးချမ်းတဲ့မနက်ခင်းမှာ ထိုင်လို့ကောင်းတယ် ။ ဆီဒိုးနားဟိုတယ်နားက လက်ဖက်ရည်ဆိုင်ကို စိတ်ထဲစွဲနေတယ် ။ ဆေးပေါ့လိပ် ကို အလိပ်လိုက် အပြေ( အပြည် ) ရောင်းတယ် ။ အင်တာနက်သုံးလို့ရလားမရလားမကျိန်းသေဘူး ။ အဲသည့်ဆိုင်က ထိုင်လို့ကောင်းတယ် ။
မန်း ဆေးတက္ကသိုလ်ထဲကို ၂၀၀၂ ခုနှစ်က တခေါက်ရောက်တယ် ။ မန်းဆေးကျောင်းသား ၊ ဆေးကျောင်းသူတွေထိုင်တဲ့ ဆေးတက္ကသိုလ်နားက လက်ဖက်ရည်ဆိုင်ကိုရောက်ခဲ့တယ် ။ တက္ကသိုလ်ဝန်းကျင်ဖြစ်လို့ ဆေးကျောင်းသား ဆေးကျောင်းသူတွေနဲ့ သက်ဝင်နေတယ် ။

မန်းတလေး တက္ကသိုလ်အဝင်အဝနားက လက်ဖက်ရည်ဆိုင် ( မြောင်းကြီးလေးနားက ၊ ခြံဝင်းကျယ်ကျယ် ၊ သစ်ပင်ကြီးကြီးတွေအောက်ကလက်ဖက်ရည်ဆိုင် ၊ ထုံးစံအတိုင်း နာမည်မမှတ်မိ ) မှာ လက်ဖက်ရည်သွားသောက်ဖူးတယ် ။ ထိုင်လို့ကောင်းတယ် ။ လက်ဖက်ရည်ဆိုင်ထိုင်ပြီး လက်ဖက်ရည်ထိုင်သောက်ရတဲ့ အရသာ ။ အဲဒီအရသာ ဘယ်လိုပြောရမလဲ မသိ ။

တက္ကသိုလ် ကျောင်းနားက အဆောင်တွေရှိတဲ့နေရာကလမ်းတွေကြားထဲကနေ ဖြတ်သွားဖူးတယ် ။ ပတ်ဝန်းကျင်က ကျောင်းသားကျောင်းသူတွေနဲ့လူပ်ရှားသက်ဝင်နေတယ် ။



မန္တလေး -၃ ( ၂၀ - အောက်တိုဘာ -၂၀၁၂)

မူရင်းဓါတ်ပုံသို့---

မန္တလေးက နာမည်ကျော် အငြိမ့် ၊ လူရွင်တော်ကြီးများရှိတဲ့နေရာကို မရောက်ခဲ့ဘူး ။ ဆိုင်ကယ်တွေများတယ် ၊ မသိတဲ့သူဆိုကားမောင်းရခက်တယ် ဆိုပေမယ့် ၊ ရေးကြီးသုတ်ပြာ မောင်းလာတဲ့ ကားနဲ့ မဟားဒရား မောင်းလာတဲ့ ဆိုင်ကယ်ကို ကျနော်သိပ်မတွေ့ရဘူး ။ မန္တလေးရဲ့ စီးပွားရေးအချက်အချာလို့ပြောတဲ့ လမ်းတွေကိုရောက်ခဲ့တယ် ။ ရန်ကုန်လောက် ကားမကျပ်ဘူး ၊ လူသိပ်မများဘူး ။ အေးအေးဆေးဆေးနဲ့ သက်ဝင်နေတယ် ။

ဒီစာကြောင်းတွေက ၂ ကြိမ် ၊ သုံးကြိမ်လောက်ပြန်ရေးဖြစ်နေတဲ့ စာကြောင်းတွေ ၊ ကျနော် ရေးပြီးသား စာကြောင်းတွေ လည်းဖြစ်နိုင်ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်ကြိုက်တဲ့မြို့တွေထဲမှာ မန္တလေးလည်းပါတယ် ။


No comments:

Post a Comment