Saturday 26 October 2013

ကဗျာဆရာများ

ဦးပြည့်မင်း ( မောင်ပြည့်မင်း )
ကဗျာဆရာများ
  
ရန်ကုန်မှာရှိနေခိုက် မြန်မာကဗျာလောကက ကဗျာဆရာ ကိုစိုင်းဝင်းမြင့် နဲ့ ဦးပြည့်မင်း ( မောင်ပြည့်မင်း) တို့ကို ဓါတ်ပုံတချို့ရိုက်ချင်လို့ ကိုစိုင်းဝင်းမြင့် အိမ်မှာ ချိန်းဆိုပြီးတွေ့ဖြစ်ပါတယ် ။ ကဗျာဆရာတွေက သဘောကောင်းတယ်ဗျ ။ သူတို့အမှာစာရေးထားတဲ့ ကဗျာ စာအုပ်တွေကို လက်ဆောင်အဖြစ်ပေးပါတယ် ။ 

ဦးပြည့်မင်း

ကို စိုင်းဝင်းမြင့် က သူဝယ်ယူစုဆောင်းထားတဲ့ ဆရာ ဦးခင်မောင်ရင် ( ခင်မောင်ရင် ) ပန်းချီကားတချို့ကို ထုတ်ပြပြီး နောက်ခံဇာတ်လမ်း အနည်းငယိကိုရှင်းပြပါတယ် ။ ကိုစိုင်းဝင်းမြင့်ဆီမှာ ဦးခင်မောင်ရင်ပန်းချီကားတွေ တော်တော်များများရှိနေပါတယ် ။ တလောကတင် ဦးခင်မောင်ရင် ပန်းချီကားတရာ ပြပွဲ လုပ်ထားပါတယ် ။ သူ့ အိမ်မှာ ပန်းချိကားနဲ့စာအုပ်တွေနဲ့ပြည့်နေပါတယ် ။ ပန်းချီကားတွေက အိမ်ရှေ့နံရံကို သိမ်းပိုက်ပြီး နယ်မြေချဲ့ထွင်လာတာ အိမ်နောက်ဘက် မီးဖိုချောင်နံရံအထိ ရောက်လာပါတယ် ။  

ကိုစိုင်းဝင်းမြင့် အိမ် မီးဖိုချောင် နံရံပေါ်ရှိပန်းချီကားများ
 
 
 

 
 ကိုစိုင်းဝင်းမြင့် စာအုပ်တိုက်ကထုတ်ဝေမယ့် ဦးသုခမိန်လှိုင်ရေး တဲ့ ( အနုပညာနာမည် ခင်မောင်ရင် ) စာအုပ်အကြောင်းအနည်းငယ်  ၊ မူရင်းလက်ရေးမူကော်ပီ ကိုလည်းတွေ့ခဲ့ရပါတယ် ။ ဒီနောက် ဆက်စပ်ပြီး အဆိုတော် မင်းမင်းလတ် ၊ တေးရေးဆရာ ပုသိမ်မောင်စိမ်းသူ နဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကဗျာဆရာ ဖော်ဝေး အကြောင်းအဆက်အစပ်တွေကို ဦးပြည့်မင်း နဲ့ ကိုစိုင်းဝင်းမြင့်တို့က ပြောပြပါတယ် ။ ကျနော်ဖတ်လက်စ ဖော်ဝေး ဒိုင်ယာရီပေါ်မှာ  ကဗျာဆရာ ၂ ယောက်ကို တခုခုရေးပေးပါလို့ တောင်းဆိုခဲ့ပါတယ် ။ ( ကျနော့်ဖော်ဝေး ဒိုင်ယာရီစာအုပ်မှာ ကျနော်နဲ့တွေ့ဆုံဖူးတဲ့ ကဗျာဆရာတွေရဲ့ လက်မှတ်တွေ အမှတ်တရရေးချက်များကို တစုတဝေးတည်း စုစည်းထားချင်တာပါ ။)
 

ကို စိုင်းဝင်းမြင့်
 
ညနေ နည်းနည်းစောင်းတော့ ကိုစိုင်းဝင်းမြင့် အိမ် အနီးအနားက လက်ဖက်ရည်မှာ ကိုမိုးဝေးတို့ ရှိနေတယ်ဆိုလို့ လက်ဖက်ရည်ဆိုင်ဘက် ထွက်လာခဲ့ပါတယ် ။ အိမ်က မထွက်ခင် အိမ်ရှေ့နံရံမှာ ကိုစိုင်းဝင်းမြင့် သမီးလေးပြည့်ပြည့် ရဲ့ လက်ရာ့ ပုံလေးတွေကို တိပ်နဲ့ ကပ်ထားပါတယ် ။ ပြည့်ပြည့်ရေးဆွဲသည်လို့လည်းရေးထားသေးတယ်ထင်တယ် ။ (ဖေဖေ စိုင်းဝင်းမြင့်က ဦးခင်မောင်ရင် ပန်းချီကား တရာကို ပြပွဲလုပ်ပေးလို့ သူကိုလည်း ကားတရာပြည့်ရင် ပြပွဲလုပ်ပေးမယ်ဆိုတဲ့ ကတိ ရထားလို့ ပြပွဲတင်ဖို့ဆွဲနေတယ်လို့သိရပါတယ် ။  )
 

 
လက်ဖက်ရည်ဆိုင်ရောက်တော့ ကိုမိုးဝေး ၊ ကိုအောင်ပြည့်စုံတို့နဲ့ပါ ဆုံဖြစ်ပြီး လူချင်းအပြင်မှာတွေ့ဖူးသွားပါတယ် ။ ကျနော်လည်း ဓါတ်ပုံ ၂ ပုံ ၃ ပုံ အမှတ်တရ ရိုက်ထားလိုက်ပါတယ် ။ မျက်ကွယ်ပြုသွားပြီဖြစ်တဲ့ ကဗျာဆရာ ကိုဖော်ဝေး ( ဖော်ဝေး ) ၊ သူဆုံးချိန်မှာ ဘယ်သူတွေအနီးအနားမှာရှိနေတယ် ။ ဘယ်လိုဆုံးတယ် ။ သူ့ရဲ့ အရိုးပြာအိုး အကြောင်း ၊ ခေတ်ပြိုင် ကဗျာရေးသူ နဲ့ ကဗျာအကြောင်း ၊ ကဗျာစာအုပ်တွေအကြောင်းပြောဖြစ်ပါတယ် ။  
 
မြန်မာ့ခေတ်ပြိုင် ကဗျာဆရာလေးယောက်နဲ့ တွေ့ဆုံခဲ့ရတဲ့ နေလည်ခင်းတခု ဟာ ကျနော့်အတွက် အမှတ်တရ ဖြစ်နေပါတယ် ။ စာအုပ်လက်ဆောင်ပေးတဲ့ ၊ အချိန်ပေးတဲ့ ကဗျာဆရာများကို ကျေးဇူးတင်ပါတယ် ။
 

ကိုမိုးဝေး ၊ ကို အောင်ပြည့်စုံ ၊ ဦး ပြည့်မင်း

1 comment:

  1. ကောင်းလိုက်တဲ့ အက်ဆေး :)

    ReplyDelete