Tuesday 22 October 2013

ကို ကကြီး -YGN INK


ဖေ့ဘွတ်အသုံများလာတဲ့အချိန်မှာ ဖေ့ဘွတ်ပေါ်မှာ တက်တူး အနုပညာနဲ့ပတ်သက်တဲ့ပုံတွေစတွေမိပါတယ် ။ ကျနော်တို့ မြန်မာ့လူနေမူအသိုင်းအဝိုင်းမှာ တက်တူး ဆေးမင်ကြောင်ထိုးခြင်းနဲ့ပတ်သက်ပြီး နားလည် ခံယူထားမူကိုအဆင့်ကို သေချာမသိပေမယ့် ဒီဘက်ခေတ် ၊ ဖေ့ဘွတ်အသုံးပြုတဲ့ခေတ်မှာ ယောက်ျားလေး ၊ မိန်းကလေးများထိုးထားတဲ့ တက်တူးပုံများကို ကျနော်တွေ့ရပါတယ် ။ တက်တူး အနုပညာကို ဖန်တီးတဲ့ အနုပညာသမား ၊ တက်တူးထိုးသူကိုလည်း ကျနော်စိတ်ဝင်စားပါတယ် ။ စိတ်ဝင်စားရတဲ့အကြောင်းအချက်အလက်တွေထဲ တချက်ကတော့ ဆေးမင်ကြောင်ထိုးနည်း ကို ဘယ်လိုလေ့လာခဲ့ပါသလဲ ( တနည်း ) ခေတ်ပေါ်ကဗျာဆရာများပြောတဲ့စကားကိုကိုးကားပြောရရင် တက်တူးထိုးနည်းကျောင်းမရှိဘဲ ဘယ်လို လေ့လာသင်ယူခဲ့သလဲ ဆိုတာက တချက်ဖြစ်ပါတယ် ။
 
 

ရန်ကုန်မှာရှိနေချိန် ကျနော် စိတ်ဝင်စားတဲ့  ၊ ကျနော်ကြိုက်တဲ့ တက်တူးအနုပညာရှင်တယောက်ကို ကျနော် သိချင်တာလေးတွေမေးချင်လို့ဆိုပြီး အချိန်းအချက်ပြုလုပ်ပြီး သူ့အလုပ်ခန်းကိုသွားမေးခဲ့ပါတယ် ။ တခြားတက်တူးအနုပညာရှင်များကိုလည်း သိချင်တာတွေမေးချင်မိပါတယ် ။ သူတို့ဖြေထားတဲ့အင်တာဗျူးတွေ ရှိပေမယ့် ကျနော်အနေနဲ့လက်လှမ်းမမီလို့ ကိုကကြီးကိုပဲသိချင်တာတချို့မေးမြန်းခဲ့ပါတယ် ။ ကျနော်သိချင်တဲ့ မေးခွန်းတချို့မမေးမီ သူက သူပထမဆုံးသုံးခဲ့တဲ့ တက်တူးထိုးတဲစက်ကို ကျနော်ကိုပြပါတယ် ။
 

 
တဆက်တည်း ဆေးတွေအကြောင်းနဲ့ လိုအပ်တဲ့စက်တွေကို ဘယ်လိုဝယ်ယူလဲလို့မေးမိပါတယ် ။
ကိုကကြီး ရေးတဲ့ ဒီဇိုင်းတွေ ၊ အရုပ်တွေမှာ လှပတဲ့လိုင်းအရေးအသား( အသေး၊ အကြီး) တွေကို ကျနော်သတိထားမိပြီး ကြိုက်တယ် လို့သူ့ကိုပြောတဲ့အခါ

လိုင်းတွေကိုရေးရာတာ သူအားသန်တယ် ။ သူဖန်တီးတဲ့ တက်တူး ဒီဇိုင်းတွေ့ပုံတွေမှာ လိုင်းတွေကို သူလျော့ချပြီးရေးသော်လည်း ရိုးစင်းလှပတဲ့လိုင်းတွေနဲ့ပဲပြန်ရေးဖြစ်သွားတယ်လို့ပြောပါတယ် ။ ကျနော်က အဲဒါကိုက ကိုကကြီး ရဲ့ ဟန်လို့ပြောလို့ရမယ်ထင်တယ်လို့ပြောဖြစ်ပါတယ် ။

တက်တူးပညာကို ဘယ်လိုလေ့လာခဲ့ပါသလဲ ၊ ဘယ်ဆရာတွေကနေတဆင့် လက်တွေ့သင်ဖူးပါသလား ။ လို့ဆက်မေးတဲ့အခါ

အဓိက သင်ဆရာမြင်ဆရာက တော့ နိုင်ငံတကာက တက်တူးပညာရှင်တွေ ယူကြုပေါ်တင်ထားတဲ့ ၊ အသိပညာအတတ်ပညာရှယ်ထားတဲ့ဗီဒီယိုတွေကနေတဆင့် ကိုယ့်ဘာသာကိုယ်လေ့ကျင်တတ်မြောက်တယ်လို့သိရပါတယ် ။
 
 

( မြန်မာပြည်အင်တာနက်မြန်နူန်းနဲ့ ယူကြုပေါ်က သင်ခန်းစာဗီဒီယိုတွေကို အချိန်ပေး စိတ်ရှည်လက်ရှည် လေ့လာတဲ့အကြောင်းပြောဖြစ်ပါတယ် ။ )

တကယ်ရေးနိုင်ဖို့ ဘယ်လိုလေ့ကျင်ခဲ့ပါသလဲ ။ လို့လည်း မေးမိပါတယ် ။

အရေးပြားအတု ၊ ဘူးသီးနဲ့ တခြားလူအရေပြားနဲ့တူအောင်လုပ်ထားတဲ့ လေ့ကျင်စရာတွေပေါ်ရေးတာ လက်မတွေ့လို့ ကိုယ့်ကိုယ်ခန္ဓာ အစိတ်အပိုင်း ပေါ်မှာပဲရေးကျင့်ခဲ့တယ်လို့သိရပါတယ် ။ သူ့လက်ဖျံမှာ လေ့ကျင့်ရင်း ကိုယ်တိုင်ထိုးထားတဲ့ အရုပ်တွေကိုပြပါတယ် ။

အခု ကမ္ဘာ့တက်တူးအနုပညာလောကမှာ ဘယ်လိုရေးဟန်မျိုးခေတ်စားနေပါသလဲ ။ လို့လည်း မေးမိပါတယ် ။

ရေဆေး အကြည် ။ ရေမျောနေတဲ့ရေးဟန်က နိုင်ငံတကာမှာခေတ်စားနေပြီး ၊ သူလေ့လာနေတယ်လို့သိရပါတယ် ။
 
 

ကျနော်ရေးတဲ့ပုံတွေမှာ ပန်းချီကိုမုတ်သုန်ရဲ့ လိုင်းအယူအဆဟန်တွေပါနေတယ်လို့သူက ကျနော့်ကိုပြောပါတယ် ။ ဟုတ်ပါတယ် ၊ ကိုမုတ်သုန် ရဲ့ ရေးဟန်က ကျနော်ကို လွမ်းမိုးဖူးပါတယ် ။ တဆက်တည်း စိုးရိမ်ပူပန်မူမရှိတဲ့စိတ်နဲ့ ရေးတဲ့အခါ လူ့အသားအရေပေါ်ရေးရတာက လွယ်ကူကြောင်း ၊ ပေါ့ပေါ့ပါးပါးနဲ့ဖန်တီးနိုင်ကြောင်းပြောဖြစ်ပါတယ် ။

ကျနော်က သူ့ကို ငယ်ငယ်ကလေးတည်းက ပန်းချီသင်ဖူးပြီး တောက်လျောက် ပုံတွေဆွဲခဲ့ပါသလားလို့မေးတဲ့အခါ ။ သူ ဆုရဖူးတဲ့ ကလေးပန်းချီပြိုင်ပွဲလက်ရာတွေ စနစ်တကျ သိမ်းဆည်းထားတဲ့ စက္ကူကတ်ပြားတွေကိုသိမ်းထားရာကနေယူပြီး ပြပါတယ် ။ ကလေးရုပ်ပြအတွက် ဇာတ်လမ်းတပုဒ်လည်း သူရေးဖူးကြောင်း ၊ သူ့ဇာတ်လမ်းကို အခြေခံပြီး ပန်းချီဆရာတွေက ကလေးရုပ်ပြပန်းချီရေးဆွဲကြောင်းပြောပါတယ် ။
 




 

သူ ဖန်တီးထားတဲ့ဒီဇိုင်းတွေကို ကျနော်ကိုသူ့ ကွန်ပျူတာနဲ့ပြပြီးရှင်းပြပါတယ် ။ ဒီဇိုင်းတွေကို စနစ်တကျ အစုအဖွဲ့ခွဲပြီး သေချာသိမ်းထားတာကိုတွေ့ရပါတယ် ။ ကွန်ပျူတာထားတဲ့ခုံနားမှာလည်း အခုလို သတိပေးစာကို တွေ့ရပါတယ် ။ ကျနော်တော့ အဲဒီစာကိုကြိုက်တယ် လို့ပြောဖြစ်ပါတယ် ။ ဓါတ်ပုံလည်းရိုက်ယူလာခဲ့တယ် ။ ကိုကကြီးက အဲသည့်စာမှာ စာလုံးတွေ ကို သေချာစနစ်တကျနေရာချထားပုံ နဲ့ သူ့ ရေးဖော် အကိုတယောက်စကားကနေတဆင့် ဒီသတိပေးစာကို ရေးဖြစ်သွားတယ်လို့လည်း ရှင်းပြပါတယ် ။


 

ညနေ ၃ နာရီမှာ တက်တူးလာထိုးမယ့်သူတယောက်ရှိတယ် ။ ဓါတ်ပုံရိုက်နိုင်မယ့် အခွင့်အလမ်းလည်းရပေမယ့် အချိန်အခက်အခဲကြောင့် ကျနော်စောပြန်ခဲ့ပါတယ် ။
 
 
 ပြန်ခါနီးမှာ ကျနော်ကို (YGN INK) စတစ်ကာများ လက်ဆောင်ပေးလိုက်ပါသေးတယ် ။ YGN INK မှာ တခြားအသင်းဝင်တယောက်မှမရှိသေးဘဲ YGN INK နာမည်ကို သူကိုယ်တိုင်ပေးထားတာဖြစ်ပါတယ်လို့သိရပါတယ် ။ သိချင်တာများကို စိတ်ရှည်ရှည်နဲ့ အချိန်ပေးရှင်းပြပေးတဲ့ ကိုကကြီး ကို ကျေးဇူးစကားဆိုချင်ပါတယ် ။ ကျေးဇူးတင်ပါတယ် ။ ကို ကကြီး ဒီထက်မက အောင်မြင်ပါစေ ခင်ဗျာ ။
 
 

 

 

No comments:

Post a Comment