Monday 5 December 2011

အင်းလေး အမှတ်တရ အနုပညာလက်ရာ




နောက်တကြိမ်သွားဖို့ သိပ်မလွယ်ကူတဲ့နေရာကိုရောက်တုန်းရောက်ခိုက် ဓါတ်ပုံတွေအမှတ်တရရိုက်ခဲ့ပါတယ် ။ အင်းလေးကန် အတွင်းမှာရှိတဲ့ ပန်းပု၊ ပန်းပဲ လုပ်ငန်းခွင်ကို ရောက်ခဲ့ပါတယ် ။ ကျနော် ပန်းပုရုပ်ကလေးတွေ ၊ ရုပ်သေးရုပ်ကလေးတွေကို သဘောကျပါတယ် ။ ကြိုက်တယ် ။ အဲသည့်လုပ်ငန်းခွင်ကိုရောက်တဲ့အချိန်မှာ နိုင်ငံခြားသား ဧည့်သည်တွေတော်တော်များများရောက်နှင့်နေကြတာကိုတွေ့ပါတယ် ။ သူတို့တတွေကလည်း ဓါတ်ပုံတွေ တဖျပ်ဖျပ် ရိုက်နေကြသလို မီးအပူပေး၊ ၊ မီးကျွေးထားတဲ့ သံ ( ကြေး) ပြားတချောင်းကို ပန်းပဲဆရာတို့က တဖြောင်းဖြောင်းထုနေပါတယ် ။ ဓါတ်ပုံရိုက်တဲ့သူရော ၊ ပန်းပဲဆရာတွေရော သူတို့ဘာသာအလုပ်ရူပ်နေကြပါတယ် ။








ကျနော်လည်း သူတို့ကြားထဲမှာ ဝင်ပြီး ထင်ရာမြင်ရာတွေကို အမှတ်တရရိုက်လိုက်ပါတယ် ။ အဲသည့်လိုရိုက်ရင်းသတိထားမိတာက တူတွေနဲ့ထုနေတဲ့ သူတွေရဲ့ အနားက အုတ်ခုံလို့ယူဆရတဲ့နေရာပေါ်ကနေ ( ကျနော့်အထင်လေပေးတာလို့ထင်ပါတယ်) ကူညီနေတဲ့ အမျိုးသမီးကြီးကို ဓါတ်ပုံတွေမဲရိုက်ကြပါတယ် ။ ကျနော်လည်း ဓါတ်ပုံ ရိုက်ပါတယ် ။


နိုင်ငံခြားဧည့်သည်တွေကို ရှင်းပြတဲ့ဘာသာစကားကို ကျနော်မသိပါဘူး ၊ ဥရောပတိုင်းပြည်တခုခုလို့ထင်ပါတယ် ။ မြန်မာ နိုင်ငံသား ဧည့်လမ်းညွန်ရော ၊ သူတို့နိုင်ငံသားဧည့်လမ်းညွန်ရော အဲသည့်ခရီးသွားဧည့်သည်တွေနဲ့အတူပါပါတယ် ။ ဒီနောက် သူတိုတတွေ အမှတ်တရလက်ဆောင်တွေဝယ်ကြပါတယ် ။ ဓါးတွေ ၊ မောင်းတွေ ၊ ကြေးစည်နဲ့ တခြားလက်မူအနုပညာများကို ဝယ်ဖို့ ဈေးညှိ၊ ဈေးဆစ်ကြပါတယ် ။ ကျနော်လည်း ဟိုဟိုဒီဒီကြည့်ရင်း အောက်ကပုံထဲမှာတွေ့ရတဲ့ ရသေ့ကြီးကို တွေ့လို့ဝယ်ဖို့ စောင့်နေလိုက်ပါတယ် ။ ဧည့်သည်တွေဝယ်ပြီးသွားတော့ ကျနော်အလှည့်ရောက်တော့ မြန်မာနိုင်ငံသားမှန်းသိလို့ ဈေးရင်းအတိုင်း ပေးလိုက်ပါတယ် ။





ကျနော်သည်အရုပ် ( ရသေ့ကြီးအရုပ်) ကို လက်ရာလဲကြိုက်တယ် ။ ဒီဇိုင်းကိုလဲကြိုက်တယ် ။ ပထမဆုံးဒီအရုပ်ကလေးကို ဒီဇိုင်းထုတ်တာ ၊ ထုတ်ခဲ့တာ ဘယ်သူလဲတော့ကျနော်မသိဘူး ။  အပေါ်ဘက်ကနေကြည့်ရင် နာမည်ကျော် စူပါမင်းရုပ်ရှင်ထဲက ဝတ်ရုံလိုမျိုးလို့ကျနော်ထင်တယ် ။ ဒီ ရသေ့ရုပ်ကလေးရဲ့ ဇာတ်ကြောင်း ကိုသေချာမသိပါဘူး ။ ခပ်ရေးရေးပဲမှတ်မိပါတယ် ။ နိုင်ငံခြားသား ဧည့်သည်တွေအမြင်မှာလည်း ဆန်းနေမယ်လို့ကျနော်ထင်ပါတယ် ။





နောက်ဆုံးဓါတ်ပုံထဲ သစ်သားပန်းပု နဲ့ ကျနော်ဝယ်လာတဲ့ ကြေးပန်းပုဟာ လက်ရာရော ၊ ဒီဇိုင်းရောကွာတာကိုတွေ့ပါတယ် ။ သစ်သားပန်းပုကို ကျနော် ငါးဖယ်ချောင်းကျောင်း ( ကြောင်ခုန်ကျောင်း )ကနေ ဓါတ်ပုံရိုက်လာတာဖြစ်ပါတယ် ။

No comments:

Post a Comment