Friday 15 July 2011

ပန်းဆိုးတန်းလမ်းက စာအုပ်ဆိုင်မှာ စာအုပ်ဝယ်ခြင်း



ပန်းဆိုးတန်း က စာပေလောကမှာ စာအုပ်သွားဝယ်တော့ လှေကား အတက်အဆင်းမှာ စာအုပ်ကြော်ငြာတွေတွေ့ရတယ် ။ ကဗျာစာအုပ် ကြော်ငြာကြီးကြီးတွေ တွေ့ရတယ် ။ ကဗျာဆရာ စိုင်းဝင်မြင့် ရဲ့ ကဗျာစာအုပ်ကြော်ငြာ နဲ့ ကဗျာဆရာ အောင်ချိမ့် ရဲ့ ကြော်ငြာကိုတွေ့ရတယ် ။ ဓါတ်ပုံ တစ်ပုံစီ ရိုက်ခဲ့တယ် ။ ကဗျာစာအုပ်ကြော်ငြာကြီးကြီး ကို ကျနော်သိပ်မမြင်ဖူးဘူး ။







စာပေလောက စာအုပ်ဆိုင်ရဲ့ အပြင်အဆင်က ကျယ်ကျယ်ဝန်းဝန်း ရှိတယ် ။ အဝင်အဝမှာ ပါလာတဲ့ အိတ်တွေ အပ်ထားပြီး စာအုပ်ကိုလွတ်လွတ်လပ်လပ်ကြည့်နိုင်တယ် ။ ပန်းချီပြပွဲတစ်ခုလည်း ပြထားတာကိုတွေ့ရတယ် ။ နံရံ ပေါ်မှာ စာရေးဆရာကြီးတွေရဲ့ ပုံတူ ၊ ပုံကြမ်း တွေကို မှန်ဘောင်သွင်းပြီးချိတ်ထားတာကို တွေ့ရတယ် ။










ကဗျာ စာအုပ် တန်းမှာ ကဗျာစာအုပ်တွေတော်တော်များများ တွေ့ရတယ် ။ တချို့ကဗျာစာအုပ်တွေကတော့ ကုန်သွားလို့လားမသိဘူး ထပ်ဝယ်လို့မရဘူး ။

စာပေလောက နဲ့ မလှမ်းမကမ်း မှာရှိတဲ့ အင်းဝ စာအုပ် ဆိုင်ကိုလည်း ရောက်ခဲ့တယ် ။ ဓါတ်ပုံတော့ မရိုက်ခဲ့ရဘူး ။ စာအုပ် တစ်အုပ် နှစ်အုပ် ဝယ်ခဲ့တယ် ။ အင်းဝက စာအုပ်တွေကို စက္ကူအကြမ်းနဲ့ လုပ်ထားတဲ့ အိတ်နဲ့ထည့်ပေးတယ် ။ ကျနော်တော့ အဲသည့် အိတ် ကို သဘောကျတယ် ။ ကြွတ်ကြွတ်အိတ် မဟုတ်တဲ့ ပလပ်စတစ်အိတ် အကြည်အပျော့တွေထက်စာရင် ညိုပုပ်ပုပ် စက္ကူအိတ်ကလေးကို သဘောကျတယ် ။ စာပေလောက ကတော့ ဘာအိတ်နဲ့ထည့်ပေးသလဲ ကျနော်မမှတ်မိတော့ဘူး ။ အင်းဝ စာအုပ်ဆိုင်မှာ နိုင်ငံတကာမှာ နာမည်ကြီးနေတဲ့ (လောလောလတ်လတ် ပေါက်နေတဲ့ ) အင်္ဂလိပ် ဝတ္ထုစာအုပ်တွေကိုလည်းရောင်းနေတာတွေ့ရတယ် ။ ဈေးကတော့ နည်းနည်းပိုကြီးမယ်ထင်တယ် ။

No comments:

Post a Comment